ဒုတိယမြောက်ကင်ဆာ (Second Cancer) ဆိုတာ ဘာလဲ
ကင်ဆာဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ရောဂါပါ။ ကိုယ်တိုင် မဖြစ်ဖူးရင်တောင် မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေထဲမှာ ကင်ဆာဖြစ်ဖူးသူတွေ ကြုံဖူးကြမှာပါပဲ။
ဒုတိယမြောက်ကင်ဆာ (Second Cancer) ဆိုတဲ့ စကားလုံးလေးက ကင်ဆာရောဂါ ဖြစ်ဖူးပြီး ကုသမှုခံယူပြီးသူတွေမှာ နောက်တစ်ကြိမ် ကင်ဆာထပ်ဖြစ်တာကို သုံးနှုန်းတဲ့ စကားလုံးလေး ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်တဲ့ ကင်ဆာဟာ…
- ပထမဖြစ်တဲ့ ကင်ဆာအမျိုးအစားရဲ့ နောက်ဆက်တွဲဖြစ်တာ ဖြစ်နိုင်သလို
- ကင်ဆာကုသမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ တခြားနေရာမှာ ကင်ဆာဖြစ်တာ (ဥပမာ…ရင်သားကင်ဆာကို ဓာတ်ရောင်ခြည်ပေးတာ၊ ခီမိုဆေးသွင်းတာ လုပ်ပြီးနောက် သွေးကင်ဆာဖြစ်လာတာ) သို့မဟုတ်
- ပထမကင်ဆာနဲ့ လုံးဝမပက်သတ်တဲ့ ကင်ဆာဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။
ကင်ဆာဖြစ်ဖူးသူတိုင်း second cancer ဖြစ်တာ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေဟာ ကင်ဆာဖြစ်ဖူးသူ ၆ ယောက်မှာ ၁ ယောက်နှုန်းခန့် ရှိပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- ကင်ဆာမျိုးရိုးဗီဇ ရှိသူတွေ…မိသားစုဝင် ၂ ယောက်နဲ့အထက်မှာ ကင်ဆာဖြစ်ဖူးရင် ကျန်တဲ့မိသားစုဝင်တွေလည်း ကင်ဆာဖြစ်နိုင်ခြေနဲ့ Second Cancer ဖြစ်နိုင်ခြေ ပိုများပါတယ်။
- ကင်ဆာကုသမှု ခံယူဖူးသူ…တချို့သော ဓာတ်ရောင်ခြည် ကုသမှုနဲ့ ခီမိုဆေးတွေဟာ ကင်ဆာ (အထူးသဖြင့် သွေးကင်ဆာ) ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ လူနာက ကလေး၊ ဆယ်ကျော်သက်နဲ့ လူငယ်တွေ ဆိုရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
- နေထိုင်စားသောက်မှုပုံစံ…ကင်ဆာဖြစ်ဖူးပြီးတာတောင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်တာ၊ အရက်အလွန်အကျွံသောက်တာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မလုပ်တာ၊ ကျန်းမာရေးနဲ့ မညီတာတွေစားသောက်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ စတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို မထိန်းချုပ်ရင် Second Cancer ဖြစ်နိုင်ခြေ များပါတယ်။
ဒါကြောင့် ကင်ဆာကုသမှု ခံယူပြီးရင်လည်း ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုပါတယ်။ မိသားစုရောဂါရာဇဝင်ကို ဆရာဝန်ကို သေချာပြောပြထားပြီး သံသယဖြစ်စရာရှိရင် ကင်ဆာရောဂါစစ်ဆေးမှု Screening Test တွေ လုပ်ရပါမယ်။ သာမန်လူတွေထက် cancer screening test တွေ ပိုလုပ်မှသာ ရောဂါကို စောစီးစွာ သိရှိပြီး ကုသပျောက်ကင်းနိုင်မှာပါ။
ကင်ဆာဖြစ်ဖူးသူတွေဟာ…
- အကြောင်းပြချက်မရှိ မောပန်းနေတာ
- အနာမကျက်တာ
- မစားချင်မသောက်ချင် ဖြစ်တာ၊ မျိုချရခက်တာ၊ အစာမကြေ ရင်ပြည့်ရင်ကယ် အမြဲဖြစ်နေတာ
- အသံဝင်ပြီး ချောင်းဆိုးတာက ဘာနဲ့မှ မသက်သာတာ
- အရိုးတွေ နာတာ
- ခေါင်းကိုက်ပြီး အမြင်အာရုံ ပုံမှန်မဟုတ်တာ
- အရေပြားပေါ်က အစက်အပြောက် သို့မဟုတ် မှဲ့က ကြီးလာတာ၊ သွေးနဲ့ အရည်တွေထွက်လာတာ၊ အရောင်ပြောင်းတာ၊ အကျိတ်ဖြစ်တာ စတဲ့ လက္ခဏာတွေ ခံစားလာရရင် Second Cancer ကို ထည့်သွင်းစဥ်းစားရပါမယ်။
ဘယ်လိုကာကွယ်မလဲ?
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
- ကျန်းမာရေးနဲ့ ညီအောင် စားသောက်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။
- ကိုယ်အလေးချိန်ထိန်းပါ။
- အိပ်ရေးဝအောင် အိပ်ပါ။
- နေပူထဲသွားရင် Suncream လိမ်းပါ။ ထီးဆောင်းပြီး အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်လို ဖုံးအုပ်တဲ့ အဝတ်အစား ဝတ်ဆင်ပါ။
- ဖြစ်နိုင်ရင် မျိုးရိုးဗီဇဆရာဝန်နဲ့ တိုင်ပင်ပြီး ကင်ဆာအဖြစ် ပြောင်းလဲနိုင်တဲ့ မျိုးရိုးဗီဇရှိမရှိ စစ်ဆေးပြီး Chemoprevention လို ကုသမှုမျိုး ခံယူတာက Second Cancer ဖြစ်နိုင်ခြေကို လျော့ကျစေပါလိမ့်မယ်။
ကင်ဆာဖြစ်ဖူးတဲ့သူက သာမန်လူတွေထက် ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပါတယ်။ ကုသပျောက်ကင်းသွားပြီ၊ နေကောင်းသွားပြီလို့ ပေါ့ဆမနေဘဲ ကျန်မာရေးနဲ့ ညီအောင် ဂရုတစိုက်နေထိုင်မှသာ sevond cancer ဖြစ်နိုင်ခြေ လျော့နည်းနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်